မြင်းမူ အောက်တိုဘာ ၅
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင် ပြုလုပ် သုံးစွဲနိုင်ရန်အတွက် သဘာပိုးသတ်ဆေးဖျော်ရည်ပြုလုပ်သုံးစွဲမှု တောင်သူနည်းပညာ ပေးပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြင်းမူမြို့၊ မြို့မမြောက်ရှိ ဒေသခံတောင်သူ ဒေါ်နွဲ့ကြည်အိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သဘာဝပိုးသတ်ဆေးဖျော်ရည်တွင် ထည့်သွင်း သုံးစွဲမည့်ပစ္စည်းများမှာ လူနှင့်တိရစ္ဆာန်များအတွက် ဘေးထွက် ဆိုးကျိုးများမပါဝင်ကြောင်း၊ သဘာဝပစ္စည်းများဖြင့်သာပြုလုပ်သည့် ပိုးသတ်ဆေးရည်ဖြစ် ဖြစ်သည့် အတွက် အခြားသီးနှံများအပြင် ဟင်းသီးဟင်းရွက်ပင်များတွင်ပါအသုံးပြုနိုင်ကြောင်း၊ တောင်သူ များအတွက် စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် အခြားဓါတ်မြေဩဇာဝယ်ယူသုံးစွဲခြင်းကိုလည်း လျှော့ချနိုင် မည်ဖြစ်၍ စိုက်ပျိုးတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်ပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနက တာဝန်ရှိသူ ဒေါ်သဲသဲအောင်ထံမှသိရှိရသည်။
သဘာဝ ပိုးသတ်ဆေးရည်ဖျော်ရည် ပြုလုပ်ရာတွင် ဆေးရွက်ကြီး၊ ငရုပ်သီးစိမ်း၊ ဂျင်း၊ ကြက်သွန်ဖြူ ဘိစပ်ရွက်(သို့)တမာရွက်(သို့)တမာစေ့(သို့)ဆင်တုံးမနွယ် တို့ကိုသတ်မှတ်ထားသည့် အချိုးအစားအတိုင်း အမှုန့်ပြုလုပ်ကာ ဆေးဖျော်စပ်မည့်အိုးအတွင်းထည့်၍ အပေါ်မှရေသန့်ရေကို (၄)လက်မခန့်မြုပ်အောင် ထည့်ပေးရကြောင်း၊ ယင်းအပေါ်မှဒုတ္တာဖျော်ရည်၊ အီးအမ်ဖျော်ရည်၊ သကာရည်(သို့)ထန်းလျက်ရည်တို့ကို အစဉ်လိုက်လောင်းထည့်ကာ ဆေးဖျော်မည့်ပုံးအပေါ်(၄)လက်မချန်ထားကာ ရေသန့်လောင်းထည့်ပေးရ ကြောင်း၊ ယင်းနောက်သမအောင်မွှေပေးပြီး အရိပ်ရအေးသောနေရာတွင်ထားရှိပြီး နေ့စဉ်(၁)ကြိမ်မွှေပေး ရကြောင်း၊ (၇-၁၀)ရက်အကြာတွင် အရည်များကိုစစ်ယူထားရှိပြီး အဖုံးလုံသောပုံးများအတွင်း ထားရှိကာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အတိုင်း ပုံမှန်ဖျန်းပေးပါက ပိုးမွှားအန္တရာယ်ကိုထိထိ ရောက်ရောက်ကာကွယ်နိုင်သည့် ဆေးဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)