စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် ဘင်ခရာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းနှင့် ဘင်ခရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ကျောင်းသား လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးရန်နှင့် အနာဂတ်အတွက် ဦးဆောင်နိုင်မည့် ခေါင်းဆောင် ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နှစ်စဉ် နွေရာသီသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အလဟဿမဖြစ်စေဘဲ အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု၊ လူတို့၏ အခြေခံကျင့်ဝတ်များ၊ လောကနီတိ၊ ပြည်သူ့နီတိ၊ ထုံးဓလေ့၊ ၃၈-ဖြာ မင်္ဂလာတို့အား ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချပေးမည့် နွေရာသီ ရက်တိုသင်တန်းဖြစ်ပါကြောင်း၊ မျက်မောက်ကာလဖြစ်သည့် ယနေ့ခေတ်တွင် လက်ကိုင်ဖုန်းများမှတစ်ဆင့် ဖေ့စ်ဘုတ်များ ပေါ်ပေါက်လာခြင်း၊ ဂိမ်းကစားနည်းများ ပေါ်ပေါက်လာသည်နှင့်အမျှ အခြားနိုင်ငံများမှ အပြောအဆို၊ အပြုအမူ၊ ဓလေ့စရိုက်တို့သည်လည်း ယဉ်ကျေးမှုကိုင်းကွဲများအနေဖြင့် လူငယ်ထုအတွင်း အမျိုးမျိုးအဖုံဖုံ လွှမ်းမိုးစိမ့်ဝင် ပျံ့နှံ့လာကြသည်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များ အကျိုးရှိစေရန်၊ ဘင်ခရာ ကျွမ်းကျင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် စည်းကမ်းကောင်းမွန်၍ အမိန့်နာခံတတ်စေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုနွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ဘင်ခရာသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းသား၊ သင်တန်းသူများအတွက် ယဉ်ကျေးလိမ္မာလက်စွဲစာအုပ်၊ T-Shirt အကျႋများနှင့် ငွေကျပ် ၁၀ သိန်းအားလည်ကောင်း၊ ဘင်ခရာသင်တန်းသား၊ သင်တန်းသူများအတွက် ဘင်ခရာဝတ်စုံများနှင့် ငွေကျပ် ၁၀ သိန်းတို့အား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းသို့ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ၁၆၀ ဦးအား မေလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိလည်းကောင်း၊ ဘင်ခရာသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၇၄ ဦးအား မေလ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)