တွန်းဇံမြို့တွင် ဆိုလာဘက်ထရီရှော့ဖြစ်ပြီးဘက်ထရီအိုးပေါက်ကွဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

တွန်းဇံ မေ ၈

ချင်းပြည်နယ် တွန်းဇံမြို့ ခေါဝုန်‌လေးဆန်ရပ်ကွက်မြို့မရဲစခန်း‌တောင်ဘက် (၅) ဖာလုံအကွာ တွင် ဦးပေါင်ဟောက်ကျင့် (ဘ) ဦးခိုင်လျန်းခမ်၏ နေအိမ်မှ မေလ (၇) ရက်နေ့လည် (၁၁၂၅) အချိန်က ဆိုလာဘက်ထရီရှော့ဖြစ်ပြီး ဘက်ထရီအိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဦးပေါင်ဟောက်ကျင့်၏ နေအိမ်သည် (၃၀×၂၈×၉) ပေ သွပ်မိုး၊ သွပ်ကာ၊ပျဉ်ခင်း၊‌ မြေစိုက် (၁) ထပ်ဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၁) စီးဖြင့် ဦးစီးအရာရှိဦး‌အောင်ဆောက်ပါ မီးသတ်တပ်ဖွဲဝင် (၁၆) ဦး၊မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသိန်းအောင်ပါ(၅)ဦး၊ မြို့နယ်ရဲမှူးမြစိုးပါတပ်ဖွဲ့ဝင် (၁၃) ဦး၊ ခလရ(၂၆၈)မှ ဒုအရာခံဗိုလ်ကျော်မိုးဦးပါ (၄) ဦးတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၁၁၅၀)ချိန် မီးငြိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှု့ကြောင့် လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိသော်လည်း လူနေအိမ်မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၁၅) သိန်းခန့်ဖြစ်ကြောင်း ဦးပေါင်ဟောက်ကျင့်အား တွန်းဇံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)