ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများသို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ မိုးကြိုကာလတွင် ကြုံတွေ့ရနိုင်သည့် မိုးသက်လေပြင်းကျရောက်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့က ကျုံဒါတ်ကျေးရွာအုပ်စုနှင့် အကယ်ကျေးရွာအုပ်စုများရှိ ကျေးရွာများက ဒေသခံ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် ဒေသများတွင် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်ဆဲ၊ ကျရောက်ပြီး အချိန်များတွင် လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်အန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများ သဘောပေါက် နားလည်လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်နားခိုရာနေရာများ၊ သန့်ရှင်းသော သောက်သုံးရေနှင့် အရေးပေါ် ဆေးဝါးများရရှိရေး ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း