ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ကယားပြည်နယ်အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

 လွိုင်ကော်     မေ      ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌  ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်() သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြများနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အကြားအလပ်မရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသတိုင်းရင်းသူများ၏ မိသားစုဘဝမြင့်မားလာစေရေးနှင့် မိမိနိုင်ငံအတွင်း လုပ်ကိုင်စားသောက်နိုင်ရေးအတွက်ရည်ရွယ်၍ အခမဲ့အသက်မွေးပညာ သင်တန်းများကို တာဝန်ယူဖွင့်လှစ်ပေးလျက်ရှိကြောင်း၊  အခြေခံသင်တန်းများ ပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ၊ အထည်ချုပ် လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာနှင့် အလုပ်အကိုင်များရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ပြည်နယ်၏ ယဉ်ကျေးမှုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ဘာသာရပ်များ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များအတွက် ဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ်(၁၆)သိန်း(၅)သောင်းကိုပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ(၂)ဦးက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက      အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မီဒီဇိုင်း လက်ရာများကိုလည်းကောင်း၊ စာတွေ့လက်တွေ့သင်ကြားပို့ချမည့် သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ အိမ်တွင်းမှုလုပ်ငန်းပစ္စည်းများအရောင်းဆိုင်နှင့် စာကြည့်တိုက်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးအတွင်းရှိ ဌာနပိုင် စက်ယန္တရားများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ထိန်းသိမ်း ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)