မြဝတီ မေ ၈
မေ(၈)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်၉နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြဝတီ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီက နေ့ထူး၊ နေ့မြတ်နှင့်ဆိုင်သည့် ဆွေးနွေးပွဲများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းအသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှတပ်ခွဲမှူး ဦးစိုင်းဖြိုးမောင်က ကမ္ဘာ့ကြက်ခြေနီနေ့ ပေါ်ပေါက်လာပုံသမိုင်း ကြောင်း၊ ရည်ရွယ်ချက်နှင့် ဆောင်ပုဒ်များ၊ ကြက်ခြေနီအသင်းမှ ပြည်သူအကျိုးပြု လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြက်ခြေနီအသင်းအဖွဲ့၏ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းသည် လူသားတို့၏ ဘဝနှင့်ကျန်းမာရေးကို အဓိကထား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တို့ကို အသေးစိတ် ဆွေးနွေးခဲ့သည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု ဗဟုသုတ ရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေး လုပ်ငန်းများကို (Online) မှတစ်ဆင့်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ ကျောင်းသူ လူငယ်၊လူရွယ်များအတွက် သိသင့်သိထိုက်သည့် နေ့ထူး၊ နေ့မြတ်များနှင့် သက်ဆိုင်သည့်အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)