သရက်ချောင်း မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်စာစောင်တွင် အများပြည်သူတို့ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြည်သူများအား ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လျှပ်စီး မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ စသည့် အကြောင်းအရာများပါဝင်ခဲ့သည်။
သရက်ချောင်းမြို့နယ်သည် ပင်လယ်နှင့်နီးသောမြို့ဖြစ်သည်နှင့်အမျှ ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လေ့ရှိသည့်အတွက် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်အတွက် ရည်ရွယ်၍ ဆောင်ရမည့်အချက်၊ ရှောင်ရမည့်အချက်များ သိရှိအောင်နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စာကြည့်တိုက်ရှိ အသစ်ရောက်ရှိလာသည့် စာအုပ်စာစောင်များကို မိတ်ဆက်ပေးပြီး စာဖတ်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန် စာကြည့်တိုက်အသင်းဝင်အခမဲ့ပြုလုပ်ပြီး စာအုပ်များ အခမဲ့ငှားရမ်းနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုထံမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)