လွိုင်ကော် မေ ၈
ကယားပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေး အန္တရာယ်ကျရောက်မည်ဆိုပါက ပြည်သူများ ဆုံးရှုံးမှုအနည်းဆုံးအဖြစ် ကျော်လွှားနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မဖြစ်မနေ စတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂)ခုနှစ်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများ ပေါင်းစပ်၍ စနစ်တကျစီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအံ့မော်က သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ ဆက်)