သရက်မြို့၌ အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

သရက် မေ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ We Love Thayet ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက We Love Thayet ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲကို မိမိမွေးရပ်ဒေသ၏ အထင်ကရ အထိမ်းအမှတ်များကို လေ့လာသိရှိစေရန် ဇာတိချစ်စိတ်ရှိစေရန် ငယ်စဉ်မှစပြီး လေ့လာ သင့်ယူတက်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရတာဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပန်းချီဆရာ ဦးညွန့်လှိုင်နှင့် ဆရာ ဦးထွန်းနိုင်ဦးတို့က ပြိုင်ပွဲဝင်ပန်းချီပုံများ အမှတ်ပေးထားသည့် အကြောင်းအရာများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ်းဆု(၅)ဆုအား ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အလှူရှင် ဦးအောင်ဝင်းတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ၊ Book Club အဖွဲ့ဥက္ကဋ္ဌ၊ ပန်းချီဆရာ(၂)ဦး တို့မှ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်

ဇော်ထက်( သရက်)