နတ်မောက် မေ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် ဂန္ဓာမာပန်းစိုက်ပျိုး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိလျက်ရှိကြောင်း စိုက်ပျိုးသူ ကိုသီဟဇော်ထံက သိရသည်။
“ကျွန်တော်တို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် ပြင်ဦးလွင်မြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးရတာဖြစ်ပြီး တစ်ပင်လျှင် ၁၆ ကျပ်၊ ၁၇ ကျပ် အစားစား ပေးဝယ်ရပါတယ်၊ တစ်ပင်နှင့်တစ်ပင် ၃ လက်မ ကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များ သန်မာပြီး အပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ် အသုံးပြု၍ အတန်းလိုက် စိုက်ပျိုးရပါတယ်၊ ပျိုပင်များ စိုက်ပျိုးပြီးရင် ရေကိုတော့ အခုလို ရာသီမှာဆိုရင် နှစ်ရက်ခြားတစ်ခါ လောင်းပေးရပါတယ်၊ ရွာမှာက လျှပ်စစ်မီးရတယ်လေ ရေမော်တာဝယ်ပြီးတော့ ပန်းခင်းထဲကို မြောင်းပေးစနစ်နဲ့ ရေသွင်းလောင်းရပါတယ်၊ ဂန္ဓာမာပန်း စိုက်ပျိုးထားတာကတော့ ပျိုးပင်(၁၀၀၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ ပန်းရောင်းတာကတော့ (၄)ကိုင်းစီး တစ်စီးကို (၁၀၀၀)ကျပ် ရောင်းရပါတယ်၊ ဂန္ဓာမာပန်းကြိုက်သူများကတော့ ပန်းခင်းထဲအထိ လာရောက် ဝယ်ယူလျက်ရှိပါတယ်၊ နတ်မောက်မြို့ ယာယီဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက် ရောင်းပါတယ်၊ ပန်းများလှိုင်လှိုင်ပွင့်သည့်ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ (၃၀၀၀၀)ကျပ်ကနေ (၅၀၀၀၀) ကျပ်ထိ ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ်” ဟု ကြူအိုင်ကျေးရွာနေ ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချသူက ပြောသည်။
မူမူစန်း