ပြည် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်(၄)ခုသို့ ယနေ့မွန်းလွဲပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်များတွင် ပြည်မြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများ အပါအဝင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ယာဉ်နံပါတ်၊ ယာဉ် မောင်းအမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်၊ သွားရောက်မည့်နေရာတို့ကို စစ်ဆေးမေးမြန်း၍ မှတ်တမ်း ရေးသွင်းခြင်း၊ ယာဉ်ပေါ်ပါသူအားလုံးကို သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ ခရီးသွားထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်များ ပါ/မပါစစ်ဆေးခြင်းတို့ကို ပြည်မြို့အဝင် နဝဒေးတံတားဂိတ်၊ ဆင်မကြပ် လမ်းဆုံဂိတ်၊ တာဂွလမ်းဆုံဂိတ်နှင့် နဝင်း(ဖိုးခေါင်)ဂိတ် စသည့်ဂိတ်(၄)ဂိတ်တို့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းအဖွဲ့များက အဆိုင်း သုံးဆိုင်းဖြင့် နေ့ည(၂၄)နာရီ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ အဆိုပါဂိတ်များသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးကျော်ဇေယျ နှင့် အဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင်လိုက်လံစစ်ဆေးလျက်ရှိကြောင်းနှင့် တာဝန်ကျ ဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များနှင့် ဒေသဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့တွင်းဝင်/ထွက်မှုအခြေအနေကို စနစ်တကျ ကြပ်မတ်စစ်ဆေးရန်နှင့် လိုအပ်သည့်ချိတ်ဆက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)