ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး    မေ     ၇ 

ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အစည်းအဝေးသည် မကြာမီ အင်မတန်အားကောင်းသည့် မုန်တိုင်း တစ်ခု ဘင်္ဂလားပင်လယ်အော်ဘက်မှ မိမိတို့မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်သည့် သတင်းကြောင့် အရေးပေါ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ရရှိသည့် မုန်တိုင်းသတင်းအပေါ် မည်ကဲ့သို့ ကြိုတင်ဆောင်ရွက်ရမည်၊ ပြန်လည်ထူထောင်ရေးကိစ္စများ မည်သို့ဆောင်ရွက်မည်ကို ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆွေးနွေးရန်ဖြစ်ကြောင်း၊  သတင်းအရ မုန်တိုင်းကို အောက်မြန်မာပြည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ဘက်ကနေ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် သည့်အခါ လွယ်ကူလာ မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရန်အတွက် အရင်းအမြစ်တွေ စုဆောင်းထားရမည်ဖြစ်ကြောင်း၊ အရင်းအမြစ်ဆိုရာတွင် လူနှင့်ပစ္စည်းပါဝင်ပါ ကြောင်း၊ လူဆိုတဲ့နေရာမှာ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ တပ်မတော်သား များနှင့် ပြည်သူလူထုများ ပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်မဖြစ်ခင်ကတည်းက ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းစဉ်များ အပြန်ပြန်အလှန်လှန် လေ့ကျင့်ထားရမည်ဖြစ်ကြောင်းနှင့် ယနေ့ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဉာဏ်ရှိသလောက် ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်အထက်ဌာနမှ ညွှန်ကြားချက်အား  ရှင်းလင်းပြောကြားပြီး မုန်တိုင်းအန္တရယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်နှင့် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အသီးသီးမှ ဥက္ကဌနှင့် အတွင်းရေးမှူးများက   သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များအပေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက အကြံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)