မကွေး မေ ၇
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်(အငယ်တန်း) သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်သည် ယမန်နေ့နံနက် ၁၀ နာရီက အခြေခံလေကြောင်း လူငယ်(အငယ်တန်း) သင်တန်းစခန်း (မကွေး)သို့ သွားရောက်၍ သင်တန်းသား၊သင်တန်းသူများအား လေကြောင်း သိပ္ပံပညာရပ်သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ၊ သင်တန်းခန်းမအတွင်း သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အခြေခံလေကြောင်းလူငယ်(အငယ်တန်း) သင်တန်းစခန်း(မကွေး)သို့ ရောက်ရှိစဉ် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ မကွေးတပ်နယ်မှူးတို့နှင့်အတူ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် စစ်ရေးပြဘာသာရပ် ပို့ချနေမှုနှင့် သင်တန်းသား စားသောက်ဆောင်များကို ကြည့်ရှုစစ်ဆေးကာ၊ သင်တန်းသားများအား သင်တန်းခန်းမအတွင်း တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံလေကြောင်းလူငယ် သင်တန်းကို တက်ရောက် ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချ သင်ယူရသောကြောင့် နောင်တစ် ခေတ်၏ ခေါင်းဆောင်လူငယ်များဖြစ်၍ အသိပညာ/အတတ်ပညာ ရပ်ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ယခုသင်တန်းတက် ရောက်ကြသည့် လူငယ်များအနေဖြင့် မိမိတို့ရပ်ရွာရှိ မိတ်ဆွေ အပေါင်းအသင်းများကို သင်တန်းက ပို့ချလိုက်သည့် လေကြောင်း ပညာဗဟုသုတများ၊ နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေပေးသွားဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊ သင်တန်းမှ ပညာရပ်ကို စိတ်ပါဝင်စားလာပြီး မိမိဒေသအတွက် အကျိုးပြုမည့် လေကြောင်းဆိုင်ရာ ပညာရှင်များထွက်ပေါ်လာမှာဖြစ်ကြောင်း၊ ဒီသင်တန်းမှာ လူငယ် တို့ အနေဖြင့် လေကြောင်းသိပ္ပံ ပညာရပ်ကို ကိုယ်တိုင်ဆည်းပူး၊ လေ့လာ၊ တည်ဆောက် သင်ယူကြရတဲ့အတွက် လေယာဉ် လိုက်ပါစီးနင်းခြင်း၊ RCလေယာဉ်Simulatorမောင်းနှင်ခြင်း၊ Radio Control / Remote Control လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်မှုပြိုင်ပွဲအပြင် နေပြည်တော်မြို့ မှာရှိတဲ့ ဗဟုသုတရရှိစေမည့် နေရာများကို လေ့လာရေး သွားရောက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ကမ္ဘာမှာ အရေးပါလာသည့် ဒီလေကြောင်း သိပ္ပံပညာရပ်များကို ထက်မြက်ထူးချွန်စွာ ကြိုးစားအားထုတ်သင်ယူ လေ့လာသွားကြဖို့ မှာကြားလိုကြောင်း၊ နောင်တစ် ခေတ်ရဲ့ မျိုးဆက်သစ် လေကြောင်းသိပ္ပံ ပညာရှင်များဖြစ်အောင် ရည်ရွယ်ချက်ထားပြီး ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝတဲ့ ကျောင်းသား/ ကျောင်းသူများပီပီ ကိုယ့်အစွမ်းအစကို ဒီသင်တန်းမှာ အပြည့်အဝ အသုံးချ ကြိုးစားဆောင်ရွက် သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် အားပေးစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံလေကြောင်း လူငယ်သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ်(၂၁)သိန်းကို သင်တန်းသားတစ်ဦးထံ ထောက်ပံ့ပေးအပ်ကာ၊ လေကြောင်း လူငယ်သင်တန်းသားများ၏ လေယာဉ်ပျံသန်းမှု အခြေခံဘာသာရပ် RC လေယာဉ်နှင့် Simulator မောင်းနှင်ပျံသန်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ