ပုလောမြို့နယ်ရှိ Quarantine Centre တွင် အသုံးပြုနိုင်ရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ပုလော အောက်တိုဘာ ၅ 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါစောင့်ကြည့်ရေးစခန်း ဖြစ်ထားရှိသော မိုးလုံလေလုံခန်းမနှင့်ကျောက်တောင်ဘုန်းတော်ကြီးကျောင်းရှိ Quarantine  Centre တွင် အသုံးပြုနိုင်ရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်ခန်းမ၌ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့များက ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် တိုင်းမှူးနှင့် အဖွဲ့က မြို့နယ် ကိုဗစ်−၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး၍ ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးစခန်းတွင် ထားရှိသည့် ပိုးတွေ့လူနာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များ အသုံးပြုနိုင်ရန်အတွက် ငွေ (၅) သိန်း၊ ကြက်ဥ (၅၀၀) လုံး၊ ဆန် (၂၁) အိတ်၊ ဆီ (၂) ပိဿာ၊ ပဲ (၃၀)ပိဿာ၊ ကြက်သွန်နီ (၅၀) ပိဿာ၊ ကြက်သွန်ဖြူ (၃၀) ပိဿာ၊ ရွှေဖီဦးလက်ဖက်ရည်ထုပ် (၁၀) ပါကင်၊ Mask (၂၁) ဗူး၊ PPE ၀တ်စုံ (၂၁) စုံ၊  Face Shield (၂၁) ခု၊ လက်အိတ် (၂၁) ဗူး၊ ဘီစကွတ်စ်မုန့်  (၂၀၀) ဗူးကို ပေးအပ်လှူဒါန်းရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက ပိုးတွေ့လူနာများထားရှိရာ မိုးလုံလေလုံ Quarantine  Centre နှင့် ကျောက်တောင်ဘုန်းတော်ကြီးကျောင်းတွင် လူနာများထားရှိမှု နှင့် အာဟာရ ပံ့ပိုးမှုများကို ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အေးအေးမော်(ပုလော ပြန်/ဆက်)