ပြည်မြို့ "ဆုံစည်းရာစာဖတ်ဝိုင်း" (Book Club)အဖွဲ့၏ (၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် စာဖတ်ဝိုင်း ပြုလုပ်

ပြည် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာရေးဆရာ/ကဗျာဆရာများနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုပေါင်း၍  ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော "ဆုံစည်းရာစာဖတ်ဝိုင်း" (Book Club)အဖွဲ့၏ (၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဦးစွာ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့  နာယက စာရေးဆရာမောင်မောင်ကြည်သန့်နှင့် ဥက္ကဋ္ဌ ဦးခင်အောင်တို့က စာဖတ်ဝိုင်း (၅)နှစ်ပြည့်အထိမ်းအမှတ် မုဒိတာစကားများ ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ဂုဏ်ပြုစကားနှင့် မြို့နယ်အတွင်း Book Club၊ Women Club၊ Youth Club အဖွဲ့များနှင့် လူငယ်အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်း (၅)နှစ်ပြည့်အထိမ်းအမှတ် ရင်တွင်းစကားများနှင့် ၎င်းတို့ကိုယ်တိုင်ရေးသားစပ်ဆိုထားသော (၅)နှစ်ပြည့်အထိမ်းအမှတ် ကဗျာများကို ရွတ်ဆိုကြပြီး ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ကာ စာဖတ်ဝိုင်းရေရှည်တည်တံ့ရေးအကြောင်းများနှင့် သုတ/ရသစာပေရေးရာအကြောင်းများကို အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါ ပြည်မြို့ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့ကို စာရေးဆရာကြီး ဦးမြဝင်း(မြဝင်း-ဒဿန)၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း စာရေးဆရာများနှင့် စာပေဝါသနာရှင်များစုစည်း ၍ ၂၀၁၈ ခုနှစ်မှ စတင်ဖွဲ့စည်းခြင်းဖြစ်ကာ ယင်းအဖွဲ့သည် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာပေရေးရာများ နှီးနှောဖလှယ်ဆွေးနွေးသည့် စာဖတ်ဝိုင်းများ လစဉ်ပြုလုပ်ခြင်းနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သော အခြေခံပညာ ထက်/လယ်/မူ အဆင့် ဆေးရောင်ခြယ်၊ ကဗျာရွတ်၊ ပုံပြော၊ စာစီစာကုံးနှင့် အခြားပြိုင်ပွဲများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လူငယ်အသိပညာပေးဟောပြောပွဲများအပါအဝင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)