ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားသို့တက်ရောက်

လွိုင်ကော် မေ ၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘင်ခရာတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်မီးသတ်ဝန်း၊ စစ်ရေးပြကွင်း အလေးပြုခံစင်မြင့်ရှိ ပြည်နယ်ဝန်ကြီးချုပ်အား မီးသတ်တပ်ဖွဲ့ဝင်များက အလေးပြုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်()ချက် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုခံ မီးသတ်တပ်ဖွဲ့ဝင် များအား စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ ခိုင်မာသော အရန်အင်အားဖြစ်စေရေးအတွက် လေ့ကျင့်ဖွဲ့စည်း၍ တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်တင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနည်းပညာ၊ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး အမြဲမပြတ် တပ်ဖွဲ့အလိုက်စုဖွဲ့ လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုတိုင်းသည် ပြည်သူများ၏ နေထိုင်မှု ဘဝလုံခြုံရေးမှ အစပြု၍ နိုင်ငံတော်တည်ဆောက်ရေးအထိ အကျုံးဝင်ကြောင်း၊ မီးသတ်လုပ်ငန်းသည် တစ်ဦးတစ်ယောက်ထဲမရပဲ မီးသတ်တပ်ဖွဲ့ ဝင်များ၊  တာဝန်ရှိသူများနှင့် ပြည်သူများ၏ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်မှသာပိုမို အောင်မြင်နိုင် ကြောင်း ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင်များ၏ အထပ်မြင့်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ အသုံးပြုသည့် ကြိုးဆင်း စနစ်များဖြစ်သည့် ကြိုးတစ်ချောင်းဖြင့် အထပ်မြင့်အားကြိုးတက်နည်း၊ အဆောက်အဦ တစ်ခုနှင့်တစ်ခုအား ကြိုးကူးနည်း၊ ရိုးရိုးကြိုးဆင်းနည်း၊ ဇောက်ထိုးဆင်းကူးပြောင်းနည်း၊ အပြေးဆင်းနည်း၊ လူနာဖြင့်ကယ်ဆယ်နည်း၊ အလွတ်ခုန်ကြိုးဆင်းနည်း၊ ဆီဘောက်ဆာ မီးလောင်မှု၊ Gas မီးလောင်မှုများအား မီးငြှိမ်းသတ်နည်း၊ ရေကာလာစုံဖြင့် အလှပြသနည်းများနှင့်ရဲဝံ့စွန့်စား မီးသတ်သမားဗီနိုင်းဆိုင်းဘုတ်အား ကြိုးဖြင့်ဆင်း၍ သရုပ်ပြနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ရာ ပြည်နယ်မီးသတ် ဦးစီးမှူး ဦးမြကြိုင်က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေး ပစ္စည်းများနှင့်ရှာဖွေ ကယ်ဆယ်ရေး သုံးပစ္စည်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ ဆက်)