ပဲခူး အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် BRAC Myanmar Organization အဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပဲခူးမြို့အထွေထွေရောဂါ ကုဆေးရုံကြီးနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့တို့အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။
ရှေးဦးစွာ BRAC Myanmar Organization အဖွဲ့မှ တာဝန်ရှိသူများသည် ပဲခူးမြို့ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ကျန်းမာရေးအထောက် အကူပြုပစ္စည်းများဖြစ်သည့် Cloth Mask များ၊ Face Shield များ၊ IR Thermometer များ၊ Hand Wash များ၊ Hand Sanitizer များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် BRAC Myanmar Organization အဖွဲ့မှ တာဝန်ရှိသူများသည် ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ပြီး ဒေါက်တာသူဇာအောင်ထံသို့ လည်းကောင်း၊ ပဲခူးမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ဆက်ထံသို့ လည်းကောင်း၊ ပဲခူးမြို့နယ် လူမှုရေး အသင်းအဖွဲ့များကိုယ်စား ကလျာဏမိတ္တအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေမြင့် ထံသို့လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကလျာဏီရပ်ကွက် ရှိ Chaos Network ရုံးမှ တာဝန်ရှိသူများထံသို့ PPE ဝတ်စုံများ၊ Cloth Mask များ၊ Face Shield များ၊ IR Thermometer များ၊ Hand Wash များ၊ Hand Sanitizer များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် BRAC Myanmar Organization အဖွဲ့မှ ယနေ့ လှူဒါန်းပေးမှုမှာ PPE ဝတ်စုံ (၃၅)စုံ၊ Cloth Mask(၅၈၀၀)၊ Face Shield(၅၀၀)၊ IR Thermometer(၁၀)၊ Hand Wash(၄၉)၊ Hand Sanitizer (၂၅)တို့ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)