ပုလော မေ ၅
ယနေ့ခေတ်လူငယ်များ ဗလငါးတန်နှင့်ပြည်စုံသော လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကို ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ယနေ့လူငယ်များသည် ခေတ်မီပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်နှင့်အပြိုင် နည်းပညာအချက်အလက်များကို အကျိုးရှိရှိ အသုံးချတတ်သော လူငယ်များဖြစ်ဖို့ လိုအပ်ကြောင်း၊ ကာယ စွမ်းရည်၊ စာရိတ္တစွမ်းရည်များအား မိမိတို့ကိုယ်တိုင် စမ်းသပ်အကောင်အထည်ဖော်တတ်သော လူငယ်များဖြစ်ဖို့ လိုအပ်ကြောင်း၊ နည်းပညာခေတ်ဖြစ်သောကြောင့် မှန်ကန်သော စနစ်၊ မှန်ကန်သော သတင်းအချက်များအား အချိန်နှင့်တပြေးညီသိရှိနိုင်ရန်လိုအပ် ကြောင်း၊ မိမိတို့ကိုယ်တိုင် မိမိတို့အနာဂတ်ကို အကောင်အထည်ဖော်ရာတွင် စနစ်ကောင်းများဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ အောင်မြင်သော လူငယ်များဖြစ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ဆုလဲ့ယဉ်က သတင်းအချက်အလက်များအား လူငယ်များအနေဖြင့် မှန်ကန်သော အရင်းအမြစ်များကိုသာ လေ့လာဖတ်ရှုပြီး ဝေဖန်ကြစေလိုကြောင်း၊ Online ပေါ်မှာ မြောက်မြားစွာသောသတင်းများအား ယုံကြည်၍ မရသောကြောင့် သေချာခိုင်မာသောသတင်းမှတဆင့် မိမိတို့၏စိတ်ကို ဆုံးဖြတ်ချက်ချစေလိုကြောင်း၊ လူငယ်များအနေ ဖြင့် အနာဂတ်ကောင်းမွန်လှပစေရေး ကျောင်းစာများအပြင် ဗဟုသုတများစွာရရှိနိုင်သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြစေလိုကြောင်း၊ မိမိတို့အနာဂတ်ကို မိမိတို့ ကိုယ်တိုင် ပုံဖော်ထုဆစ်ကြရမည်ဖြစ်ရာ နောင်လာနောင်သားများ အားကျ အတုယူလေးစားရသော လူငယ်များဖြစ်စေလိုကြောင်းကို ချပြဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ်ကို ပုလောမြို့နယ် We Love Palaw Page နှင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ဆက်လက်ထုတ်လွှင့်ပေးမည်သွားဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)