ဒီပဲယင်းမြို့နယ်တွင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ငွေကျပ် သိန်းပေါင်း (၇၂)သိန်းကျော် ထောက်ပံ့ပေးအပ်

ဒီပဲယင်း   အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင်၂၀၁၉-၂၀၂၀    ဘဏ္ဏာရေးနှစ် အတွင်း (၁-၁၀-၂၀၁၉)မှ(၃၀-၄-၂၀၂၀)ရက်နေ့ထိ သဘာဝဘေးကျရောက်မှုကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ငွေကျပ်သိန်းပေါင်း (၇၂)သိန်းကျော် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီအချိန်က ဒီပဲယင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ ရှေးဦးစွာ ဒီပဲယင်းမြို့နယ် အမှတ်(၂ ) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ သီးနှံပျက်စီးဆုံးရှုံးမှုများအား ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့် အညီ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးနှင့်အထွက် နှုန်းကောင်းမွန်အောင် တောင်သူများ အနေဖြင့် ကြိုးစား စိုက်ပျိုး လုပ်ကိုင်စေလိုကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

 ထို့နောက်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးနိုင်လင်းထက်က ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှုကြောင့် သီးနှံပျက်စီးဧကများ ကို ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ အဆိုပါသီးနှံပျက်စီး ဧကများအနေဖြင့် ကျေးရွာအုပ်စု(၃၁) အုပ်စု တောင်သူပေါင်း (၄၂၀)ဦး ဧကပေါင်း(၇၂၅)ဧက အတွက် တစ်ဧကလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်ငွေ ကျပ်သိန်းပေါင်း (၇၂) သိန်းကျော်ကို တောင်သူလယ်သမား ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

 သိန်းထွန်း(ဒီပဲယင်း)