ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းအသိပညာပေး

ချောက် မေ ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယမန်‌နေ့နံနက် ၁၀ နာရီအချိန်က စလေမြို့ရှိ စားသောက်ကုန်လုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒုတိယဦးစီးမှူးဒေါ်ချိုဝေလွင်တို့က Jamjel ဇီးဖျော်ရည် လုပ်ငန်း၊ အိုးစည်ဇီးလုပ်ငန်း၊ ရှေ့သိုဇီးယိုလုပ်ငန်း၊ ပွင့်ကောင်းစားသောက်ကုန်လုပ်ငန်းတို့မှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့် ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနေကြသော စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနမှထုတ်ပြန်ထားသော ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)