အုတ်တွင်း မေ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အ.ထ.ကညောင်ခြေထောက်၌ မြို့နယ်ပညာရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုကို ယမန်နေ့ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအရ အခြေခံပညာအထက်တန်းကျောင်းများ၌ အလယ်တန်းအဆင့်(Grade-9)ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် အသက်မွေးပညာရပ်များ တွဲဖက်သင်ကြားနိုင်မည့် အဆိုပါစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေဝင်းအောင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းဆောင်ဆောက်လုပ် ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အချိန်မီပြီးစီးနိုင်ရေး လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းသည် အလျား ၁၁၈ ပေ၊ အနံ ၉၆ ပေ အာရ်စီတစ်ထပ်အမျိုးအစားဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၅၁ ဒသမ ၇၉၂ သန်းဖြင့် မြရွှေကောင်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ပေးနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)