အုတ်တွင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း တစ်သီးစိုက်မှနှစ်သီး တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြေနမူနာရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့နှင့် ရပ်/ကျေးအဖွဲ့များနှင့်ဒေသခံတောင်သူများက တစ်နှစ်တစ်သီးသာစိုက်ပျိုးလျက်ရှိသည့် ဘုရားနှစ်ဆူ/ဂုံမင်းဒါကျေးရွာအုပ်စုအတွင်းမှ လယ်မြေများအား တစ်သီးမှနှစ်သီးသို့ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တစ်သီးစိုက်မှနှစ်သီးတိုးမြှင့်စိုက်ပျိုးနိုင်ရေးမြေဆီမြေနှစ်လုံလောက်မှုရှိမရှိ စမ်းသပ်စစ်ဆေးရန်အတွက် မြေနမူနာရယူခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)