မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ဖို့ အားလုံးဝိုင်းဝန်းကူညီစို့အသိပညာပေး  Talk  Show   ပြုလုပ်

မြဝတီ  မေ  ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ယနေ့နံနက်၁၀နာရီက  ကလေးအလုပ်သမားပပျောက်ဖို့ အားလုံးဝိုင်းဝန်းကူညီစို့ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  မြဝတီခရိုင်ရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအနေဖြင့်  အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး အလုပ်ရုံ နှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမျိုးမြင့်ထွန်းက ၁၉၅၁ ခုနှစ်  အလုပ်ရုံအက်ဥပဒေအရကလေးအလုပ်သမား အသက်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားဟုဆိုရာတွင်  အသက်၁၄နှစ်  မပြည့်သူများအားခိုင်းစေ၍ မရကြောင်း၊ အလုပ်လုပ်ကိုင်ရာတွင်လည်း အသက်၁၄နှစ်နှင့် ၁၆နှစ်ကြား အရွယ်များကို  ပေါပါးသည့် အလုပ်များကိုသာ  လုပ်ကိုင်ရမည်ဖြစ်ကြောင်းမိမိတို့ဝန်ကြီးဌာနအနေဖြင့်  ကလေးအလုပ် သမား ပပျောက်ရေးအတွက် စီမံချက်များ၊  မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍  ကော်မတီများ   ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်  ကလေးအလုပ်သမား  ပပျောက်စေရေးအတွက်   အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  သက်ဆိုင်ရာသင်တန်းကျောင်း များတွင် စက်မှု/လက်မှု အတတ်ပညာများသင်ကြားပေးလျက်ရှိကြောင်းတို့ကိုအသေးစိတ် ဆွေးနွေးပေးသည်။

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထု ဗဟုသုတရရှိစေရန်  ပြည်သူ့အကျိုးပြု  အသိပညာပေးရေး လုပ်ငန်းများကို(Online) မှတစ်ဆင့်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ကျောင်းသူ လူငယ်၊လူရွယ်များ အတွက်   အသိပညာဗဟုသုတရစေမည့် အကြောင်းအရာများကိုလည်း ထည့်သွင်းဆွေးနွေးပေးလျက်ရှိကြောင်း  သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)