ခင်ဦးမြို့တွင် ကိုဗစ်-၁၉ စတင်တွေ့ရှိ လူနာ (၃) ဦး ဆေးရုံဆင်းခွင့်ရရှိ

ခင်ဦး အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ စတင်တွေ့ရှိလူနာ (၃) ဦးကို ယမန်နေ့ ညနေပိုင်းက ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃) ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ ကံသာယာကျေးရွာသို့ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့က အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်(swab) နမူနာယူခဲ့ရာမှ ပိုးတွေ့ရှိခဲ့သည်။‌

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ သီးသန့်ဆောင် တွင် ဆေးကုသခံယူခဲ့ရာ လူနာ (၃) ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံတက်ရက် ၁၁ ရက် ပြည့်ပြီး ကိုဗစ်ရောဂါလက္ခဏာ မတွေ့ရသဖြင့် ဆေးရုံဆင်း ခွင့်ရရှိကြောင်း၊ မိမိကျေးရွာတွင် (Home Quarantine) အဖြစ် တစ်ပတ် ဆက်လက်နေထိုင် သွားရန်နှင့် ကျန်းမာရေးဌာနက ညွှန်ကြားချက်နှင့်အညီနေထိုင်ကြရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို က မှာကြားခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရရှိသူ (၃) ဦးကို အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီက ကျေးရွာမှ လူမှုကူညီ‌ ရေးအသင်း ကားဖြင့်လာရောက် ခေါ်ဆောင်ပြီး ၎င်းတို့နေအိမ်တွင် (Home Quarantine) ထားရှိရန် နေရာအခက်အခဲ ရှိသဖြင့် ကံသာယာကျေးရွာ(တ) စာသင်ကျောင်းတွင် တစ်ပတ် ထားသွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဟန် ၏ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)