မုံရွာ မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘောလုံးချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား ရေးအား အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဘောလုံး အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်း တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကျင်းပမည့် ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် ဘောလုံးပြိုင်ပွဲမှ အရည်အချင်း ပြည့်ဝသည့် တိုင်းလက်ရွေးစင် အားကစား သမားများအား တိုင်းဒေသကြီး လက်ရွေးစင်အဖြစ် ရွေးချယ်ပြီး မန္တလေးမြို့တွင် ကျင်းပမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်ကစားသမားများ အနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအား တိကျစွာ လေးစားလိုက်နာကြရန်နှင့် ဒိုင်လူကြီးများ ၏ ဆုံးဖြတ်ချက်အား လေးစားလိုက်နာကာ မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားပြီး မိမိ၏ခြေစွမ်းခြေစ အရည်အချင်း အား ပေါ်လွင်အောင် အားကစားစိတ်ဓါတ် ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။
ယင်းနောက် စစ်ကြောင်းမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဘောလုံးအသင်းများအတွက် လေ့ကျင့်ရေးဘောလုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်း များမှ စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဖွင့်ပွဲစဉ်အဖြစ် ကသာခရိုင် ဘောလုံးအသင်းနှင့် ရွှေဘိုခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၈ ခုမှ အားကစားသမား ၁၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မုံရွာမြို့ရှိ ပြည်သူ့အားကစားကွင်းတွင် မေလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)