မြောင်းမြ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပဋိပတ္တိစွမ်းအားတောရ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် တည်ထား ကိုးကွယ်မည့် ဉာဏ်တော် ၁၃၅ ပေ ရှိသည့် ရွှေတိဂုံ စေတီတော်မြတ်ကြီး ပုံစံတူ မဟာအတုလမြတ်ဗုဒ္ဓ စွမ်းအားစေတီတော် မြတ်ကြီး၏ အောက်ဝမ်းကြာတိုက် ဌာပနာထည့်သွင်း ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ကဆုန်လပြည့်ဗုဒ္ဓနေ့ မေ ၃ ရက်နေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။
မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဝင်၊ ဇေယျမေဒိနီ ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ပါပြီးနောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ အမွေးနံသာတို့ကို ဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းပါသည်။ ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီးနောက် ဌာပနာထည့်သွင်းလှူဒါန်း ပူဇော်မည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ပရိတ်ရေ အမွေးနံ့သာများဖြင့် ဆရာတော် အရှင်သူမြတ်များက ပက်ဖျန်းပူဇော်ပါသည်။ ဆက်လက်၍ အလှူရှင်များက ဆရာတော်အရှင်သူ မြတ်များအား လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် ဇေယျမေဒိနီဆရာတော် ဘုရားကြီးထံမှ သြဝါဒကထာ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြပါသည်။
ထို့နောက် ဌာပနာထည့်သွင်း ပူဇော်မည့် ရုပ်ပွားတော် ဆင်းတုတော်မြတ်များအား စေတီတော်ကို လကျ်ာရစ် လှည့်လည် အပူဇော်ခံပြီး ဌာပနာထည့်သွင်းပါသည်။ ထို့နောက် အောင်ကြောင်း ကြွေးကြော်ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းပြီး အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်/ဆက်