ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပ

ဟားခါး မေ ၅

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနား ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဌာနဆိုင်ရာဝာာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ညောင်ရေသွန်း လောင်းမည့် ရေစင်တော်များအား သံဃာတော်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်း ရေးမှူးတို့က ဗုဒ္ဓမြတ်စွာဘုရားထံ ကပ်လှူပူဇော်ကြသည်။

ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ သံဃာတော်အရှင်သူမြတ်များအတွက် လှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဧည့်ပရိသတ်အပေါင်းတို့က ဘုရားဂုဏ်တော် ၉ ပါး သံပြိုင် ၉ ခေါက် ရွတ်ဆိုပူဇော်၍ ကဆုန်လပြည့် “ဗုဒ္ဓနေ့” တွင် ပြုပြုသမျှကုသိုလ်ကောင်းမှုများကို “ဤသို့ပြုရ မြတ်ပုည” အစရှိသော အမျှဝေစာတမ်းအား သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့ သံပြိုင်ရွတ်ဆို၍ ရေစက်ချအမျှ ပေးဝေကာ ပထမအစီအစဉ်အခမ်းအနား ရုပ်သိမ်းသည်။

ယင်းနောက် သံဃာတော်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊  အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာ အခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေးနှင့် ဌာနဆိုင်ရာဝာာဝန်ရှိသူများက ညောင်ရေသွန်းလောင်းမည့် ရေစင်တော်များ၊ ရေစင်ငွေဖလားများကိုင်ဆောင်၍ မဟာဗောဓိပင်အား လက်ယာရစ် ၃ ကြိမ် လှည့်လည်ပူဇော်ကာ “ဇယန္တောဗောဓိယာမူလေ” အောင်ဂါထာများ ၃ ခေါက် ရွတ်ဖတ် ပူဇော်၍ မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်းပြီး အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းကာ ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)