ချောင်းဦး မေ ၄
မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး ယမန်နေ့ ညနေ ၄ နာရီအချိန်က သိမ်တော်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ ရဲမေနှင့်မိသားစုများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမျိုးသမီးဝန်ထမ်းများ၏ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းမှ ဝတ်ရွတ်စဥ်များနှင့် ပူဇော်ပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့သည်။ ချောင်းဦးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ တန်ခိုးကြီးဘုရားများတွင် နံနက်ပိုင်းမှစတင်၍ ဥပုသ်သီတင်းသီလ ဆောက်တည်သူများနှင့် စည်ကားခဲ့ပြီး ညနေပိုင်းတွင် ကဆုန်လပြည့် ထူးမြတ်သည့် ဗုဒ္ဓနေ့အဖြစ် မဟာဗောဓိညောင်ပင်များ၌ ကဆုန်ညောင်ရေကို သွန်းလောင်းပူဇော်ခဲ့ကြသည်။
ဆယ့်နှစ်လရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ ဗုဒ္ဓဝင်ဖြစ်တော်စဉ်အား သိရှိမှတ်သားနာယူစေခြင်း၊ မြတ်ဗုဒ္ဓ၏ကိုယ်ပွားတော် ပရိဘောဂ စေတီတော်ဖြစ်သည့် မဟာဗောဓိညောင်ပင်အား ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ညောင်ရေသွန်းလောင်းပူဇော်ခြင်းတို့ကို ရှေးယခင်နှစ်ပေါင်းများစွာကပင် ပူဇော် ကျင်းပလျက်ရှိကြကြောင်း သိရသည်။
ဝင်းမြင့်အောင်