ဖျာပုံ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာပြီး ဘာသာသာသနာကို စောင့်ရှောက်တတ်သော သားကောင်း သမီးကောင်းများ ဖြစ်လာ စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအား နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ကာ အခမ်းအနားဖွင့်လှစ်ပြီး ဖျာပုံမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တနဒ္ဒ အရှင်သူမြတ်မှ ငါးပါးသီလနှင့် သြဝါဒကထာ ချီးမြှင့် တော်မူသည်။ ထို့နောက် ဖျာပုံခရိုင် မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား စာရေး ကိရိယာများနှင့် ယောဂီသဘတ်များအား ထောက်ပံ့ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ သင်တန်းသို့ မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ပြီး သင်တန်းကာလမှာ မေလ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)