ဖောင်းပြင်မြို့၌ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်ကျင်းပ

ဖောင်းပြင် မေ ၄

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူး‌နေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မြတ်စွာဘုရာရှင်အား ရည်မှန်းအာရုံပြု၍ ကျင်းပလေ့ရှိသည့် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဖောင်းပြင်မြို့၌ ယမန်နေ့ ညနေ ၃နာရီအချိန်က ကျင်းပပြလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာဝင်တို့က ညောင်ရေသွန်းလောင်းရန်အတွက် ရေကြည်တော်များကို ထမ်းရွက်ကြကာ မြို့တွင်းသို့ လှည့်လည်ပူဇော်ကြပြီး မြတ်စွာဘုရားရှင်အား အာရုံပြု၍ ဗောဓိညောင်ပင်အား ရေသွန်းလောင်းကြသည်။

ဗောဓိပင်သည် "ဗုဒ္ဓမြတ်စွာဘုရားရှင်က ဘုရားမဖြစ်မီ သိဒ္ဓတ္တမင်းသားအဖြစ် ဖွားမြင်စဉ် ဖွားမြင်တော် မူသည့်နေ့တွင် အတူတကွ ဖွားမြင်တော်မူကြသည့် ဖွားဖက်တော်(၇)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ကြောင်း၊ ကဆုန်လပြည့်နေ့တွင် ဗောဓိပင်ကိုအမှီပြု၍ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခဲ့ကြောင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိစေရန်အတွက် များစွာအထောက်အကူပြုခဲ့ကြောင်း၊ ဗောဓိပင်သည် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူပင်ဖြစ်ကြောင်း" ထို့ကြောင့် ညောင်ရေသွန်းပွဲတော် ကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့သည်) ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကျင်းပရာတွင် မြို့တွင်းရှိဗောဓိပင်ရှိရာ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်ကာ ညောင်ရေသွန်းလောင်းကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ကုသိုလ်ရှင်များက ညောင်ရေသွန်းလောင်းကြပြီး အလှူရှင်များက အာဟာရများ တိုက်ကျွေးကြ ကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)