ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ ပါဝါရုံ(ရွှေပန်းမြိုင်စေတီတော်)၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပွင့်ဖြူ မေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာရှိ ပါဝါရုံ(ရွှေပန်းမြိုင်စေတီတော်မြတ်ကြီး)၌ ဩဝါဒ ဆရာတော်ကြီးများနှင့် စေတီတော်ဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ နံနက် ၅ နာရီအချိန်က အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဦးစွာ ပါဝါရုံ(ရွှေပန်းမြိုင်စေတီတော်မြတ်ကြီး)၏ ရင်ပြင်တော်တွင် စေတီတော်ဩဝါဒ ဆရာတော်ကြီး(၉)ပါးမှ ဦးဆောင်ကာ ပင့်သံဃာတော်အရှင်သူမြတ်များက ဘုရားအနေကဇာ တင်လှူပူဇော်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်၍ တက်ရောက်လာသည့် စေတနာအလှူရှင်များနှင့် ဒေသခံပြည်သူများကို ပရိတ်တရားတော်များနှင့် သာဓုအနုမောဒနာတရားတော်များကို ချီးမြှင့်ဟောကြားကာ စေတနာအလှူရှင်များက ဆရာတော်၊ သံဃာတော်များကို စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စေတနာအလှူရှင်များနှင့် ဒေသခံပြည်သူများက ကြွရောက်တော်မူသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း အပါး ၁၀၀ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များကို စေတနာအလှူရှင်များက ကြာဇံဟင်းခါးဖြင့် စတုဒီတာ ကျွေးမွေးဧည့်ခံခဲ့ကြပြီး ဒေသတွင်းရှိ ခြင်းခတ်ဝါသနာရှင်များက မြန်မာ့ရိုးရာ ခြင်းအလှခတ်ပညာဖြင့် ဖျော်ဖြေဧည့်ခံပေးခဲ့ကြသည်။

ဆက်လက်၍ ညနေ ၄ နာရီအချိန်တွင် စေတီတော်ဂေါပကအဖွဲ့မှ ဦးဆောင်ကာ ပါဝါရုံ(ရွှေပန်းမြိုင်စေတီတော်မြတ်ကြီး) ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အဖြစ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ကျင်းပရာ စေတနာအလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ဘုရားရှင်အား ရည်မှန်း၍ ကဆုန်ညောင်ရေအား သွန်းလောင်းပူဇော်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ် ၂၅ ပါးအား နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် စေတနာအလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ပြည်သူများက ပါဝါရုံ(ရွှေပန်းမြိုင်စေတီတော်ကြီး)အား ဆီမီး ၁၀၀၀ ထွန်းညှိ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)