မုံရွာ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့် ထူးမြတ်သည့် ဗုဒ္ဓနေ့တွင် မုံရွာမြို့ ကန်သာယာရှိရာပြည့်ကပ်ကျော် စေတီတော်မြတ်ကြီး၌ စတုဒိသာ အလှူတော်များနှင့် အတူ ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည် ။
ရှေးဦးစွာ ညနေ ၄ နာရီခွဲ အချိန်တွင် စတုဒီသာအလှူတော်ပြုလုပ်ရာ မဏ္ဍပ်အသီးသီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားလွှတ်တော်ချုပ် ဦးဇော်ထူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီးနောက် ကဆုန်လပြည့် ထူးမြတ်သည့်ဗုဒ္ဓနေ့အား ရည်မှန်း၍ တေးသံရှင်များက သီဆိုဧည့်ခံဖျော်ဖြေမှုများအား ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက အားပေးခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့က ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ရာပြည့်ကပ်ကျော်စေတီတော် ရင်ပြင် အရှေ့မြောက်ထောင့်ရှိ ဗောဓိညောင်ပင်အား ဗုဒ္ဓရည်မှန်း၍ ပျော်ရွှင်စွာ အတူတကွ ညောင်ရေချမ်းများ သွန်းလောင်းခဲ့ကြပြီးနောက် ညောင်ရေသွန်းပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
မုံရွာမြို့ ကန်သာယာ၊ ရာပြည့်ကပ်ကျော် စေတီတော်ရင်ပြင်ရှိ ညောင်ရေသွန်းပွဲတော်တွင် စတုဒီသာမဏ္ဍပ် ၁၀ ခုရှိပြီး ညောင်ရေသွန်းပွဲတော်သို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်တို့အား စတုဒိသာမဏ္ဍပ်အသီးသီးတို့မှ စတုဒိသာ အလှူတော်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြရာ အထူးစည်ကားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)