မိုးညိုမြို့နယ်တွင် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် သုတစုံလင်မဟာဗုဒ္ဓဝင်ပြိုင်ပွဲကျင်းပ

မိုးညို မေ ၄

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ တော်ပြန်ကျေးရွာရှိ ပညာဇောတိမင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တကောသလ္လထံ ဩဝါဒခံယူ၍တတိယအကြိမ်မြောက် သာသနာ့ပျိုးခင်း နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာအတတ်သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် သုတစုံလင်မဟာဗုဒ္ဓဝင်ပြိုင်ပွဲကို‌ ယမန်နေ့မွန်းတည့် ၁၂ နာရီက ပညာဇောတိမင်္ဂလာကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မိုးညိုမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ဝင် မြောက်ချောကျေးရွာ သုံးပါးရတနာကျောင်းတိုက်၏ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဉာဏ္ဏိကထံမှ ငါးပါးသီလခံယူပြီး ဇီးပင်ကျေးရွာ ဓမ္မပါလကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒောဘာသနှင့်ဘုံလုံအိုင်ကျေးရွာ စိတ္တသုခကျောင်းမှဆရာတော်ဦးသုဇာတတို့ထံမှ ဩဝါဒဂါထာခံယူ၍ သုတစုံလင်မဟာဗုဒ္ဓဝင်ပြိုင်ပွဲအားကျင်းပခဲ့ရာ သင်တန်းသား/သူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ သာသနာ့ပျိုးခင်းအခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတည်ထောင်သူ ဆရာတော်ဘဒ္ဒန္တကောသလ္လက အောင်ပွဲဩဝါဒဂါထာချီးမြှင့်ပေးခြင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးလှမျိုးက အလှူရှင်များကို ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ယဉ်ကျေးလိမ္မာ အာဂုံ(က)အဆင့်၊ (ခ)အဆင့်နှင့် ပထမဆင့်ဆုရရှိသူများ၊ သုတစုံလင်မဟာဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့‌ပြီး သင်တန်းဆင်းအောင်လက် မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)