မုံရွာ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ မုံရွာမြို့ မြဝတီရပ်ကွက် ကျောက္ကာလမ်း မြဝတီစစ်ဆေးရေးဂိတ်ရှေ့၌ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေ းအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သော စုစုပေါင်း အင်အား (၁၅)ဦးခန့်သည် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းတို့အပြင် Mask Campaign ပြုလုပ်ခဲ့ရာ စုစုပေါင်း Mask (၅၀၀)ခုအား အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ အဖွဲ့သည် နံနက်(၉)နာရီအချိန်တွင် မုံရွာမြို့နယ်အတွင်း ရပ်ကွက်များရှိ လူစည်ကားရာ နေရာများသို့ လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး ကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာကြရန်၊ ပြည်သူများ နေအိမ်ပြင်ပထွက်ခွာသွားလာပါက မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းမရှိသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)