ရှမ်းရွာသစ် မေ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ကုန်းတောင်တန်းများထူထပ်ပေါများပြီး ကျေးရွာများရှိ ဒေသခံပြည်သူအများစုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ဉယျာဉ်ခြံမြေလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်သည် တောတောင်များသို့သွားရောက်ပြီး ပျားရည်များ ဖွတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ကနှစ်စဉ်သဘာဝပျားရည်စစ်စစ်ရောင်းချပါတယ်။ နွေရာသီကာလရောက်ပြီဆိုလျှင် တောင်ယာလုပ်ငန်းလည်းပြီးပြီဖြစ်သည့်အတွက် အပိုဝင်ငွေရရှိရေး တောတောင်များသို့သွားရောက် ပြီး ပျားရည်များဖွတ်ယူရောင်းချပါတယ်။ ယခင်နှစ်က ပျားရည်ရေသန့်ဗူးတစ်ဘူးလျှင် (၁၀၀၀၀) ကျပ်သာရရှိပြီး ယခုနှစ်မှာတော့ (၁၅၀၀၀)ကျပ်အထိရရှိသောကြောင့် မိသားစုအပိုဝင်ငွေပိုရပြီး စားဝတ်နေရေးအဆင်ပြေပါတယ်။ ပျားအုံတစ်အုံလျှင် ပျားရည်(၂၀)ပုလင်းထိရရှိပါတယ်၊ သစ်ပင်ကြီးတစ်ပင်လျှင် ပျားအုံ(၁)အုံမှ (၃)အုံထိရှိသည့် အတွက် ပျားရည်ရောင်းချသည့်လုပ်ငန်းသည် အဆင်ပြေပါတယ်" ဟုပျားရည်ရောင်းချသည့် ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။
သဘာဝပျားရည်စစ်စစ်သည် ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် အစားအစာတစ်မျိုးဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် မဲသဝေါကျေးရွာတို့ရှိ ပြည်သူများက နှစ်စဉ်ဈေးကောင်းပေးဝယ်ကြောင်း၊ ဒေသတွင်းဝယ်ယူမှုများပြားသည့်အတွက် မေလရောက်လျှင် ပျားရည်စစ်စစ်ရောင်းချသည့် မိသားစုများ အပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)