ကန်ကြီးထောင့်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) ထုတ်ပြန်ကြေညာ

ကန်ကြီးထောင့် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/  ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားရှိရာ မဲဆန္ဒရှင် ပြည်သူများမှ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားရှိရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ-၃ ဖြင့် အမည် ထည့်သွင်းရန်တောင်းဆိုခြင်း၊ အခြား​ဒေသမှ လာ​ရောက်​နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း​နေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံ၊ မဲဆန္ဒရှင်ပြည်သူ ၁၃၀၉၈၂ ဦးရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများကို အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး တစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းထိုက်(ပြန်/ဆက်)