ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက် မြို့ပတ်လမ်း ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်

ရှမ်းရွာသစ်   မေ  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၉.၈၆၀၀)သန်းဖြင့် အရှည်(၆၂၄)ပေ၊ အကျယ် (၂)ပေ၊ အမြင့်(၂)ပေရှိ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို  သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်း များ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါက ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမည်ကြောင်း  မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလရောက်လျှင် တောင်ကျရေများစီးဆင်းပြီး ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊ တံတားလုပ်ငန်းများနှင့် အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး (ပြန်/ဆက်)