ဇီးကုန်းမြို့နယ် ဘိုးဘွားရိပ်သာရှိ အဘိုးအဖွားများအား တိုင်းရင်းဆေးဝါးများလှူဒါန်း

ဇီးကုန်း မေ ၄

ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးဦးဆောင်၍ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဇီးကုန်းမြို့နယ်ဘိုးဘွားရိပ်သာရှိ အဘိုးအဖွားများအား မြန်မာ့တိုင်းရင်းဆေးများ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့က ဘိုးဘွားရိပ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးအောင်သန်းဝင်း၊ ဇီးကုန်းမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ညိုနှင့် ဝန်ထမ်းများသည် ဇီးကုန်းမြို့နယ် ဘိုးဘွားရိပ်သာရှိ အဘိုးအဖွားများ သုံးစွဲနိုင်ရန်အတွက် အမောလုံဆေး(သောက်ဆေး)၊ ကျီးပေါင်းရောဂါလိမ်းဆေး၊ ဇာပျံဆေးကတိုးလျက်ဆားနှင့် အလှူငွေများအား အဘိုးအဖွား(၁၇)ဦးအား တစ်ဦးချင်းစီ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြပြီး အဘိုးတစ်ဦးနှင့်အဖွားတစ်ဦးတို့မှ  ကျေးဇူးတင် ဆုမွန်ကောင်းမေတ္တာပို့သခဲ့ကြသည်။

အဆိုပါ ဆေးဝါးထောက်ပံ့လှူဒါန်းရာတွင် ဇီးကုန်းမြို့နယ် ဘိုးဘွားရိပ်သာ အမှုဆောင်ကော်မတီဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)