သရက် မေ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေးသွန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းပွဲနှင့် သရက်မြို့နယ်လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်ရေးကော်မတီသို့ ငွေပဒေသာပင် ကျပ်သိန်း(၅၀) စိုက်ထူလှူဒါန်းခြင်းကို ယနေ့ ညနေ (၄)နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီး တိုင်းဝန်ဆောင် ကျိုက်ဒေးယျုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလစာရထံမှ (၅)ပါး သီလခံယူဆောက်တည်ပြီး သရက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ဩဝါဒခံယူဆောက်တည်ကာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က သာသနာရေးဆိုင်ရာများ လျောက်ထား ပေးခဲ့သည်။
ထို့နောက် သရက်မြို့နယ်လုံးဆိုင်ရာ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းဖြစ်မြောက်ရေးကော်မတီ သို့ စေတနာရှင်အလှူရှင်များက ငွေပဒေသာပင် ငွေကျပ်သိန်း(၅၀) အား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ လှူဒါန်းရာ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၏ကိုယ်စား အမှတ်(၁၂) ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်းစက်ရုံမှူးက လက်ခံပေးခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အလင်းရောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏိန္တက လှူဒါန်းမှုအစုစုအတွက် အစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရာ မြို့ပေါ်ရှိ ကျောင်းထိုင်ဆရာတော် သံဃာတော် အပါး(၅၀)အား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက ဆွန်းဆန်တော်နှင့် ဝတ္တုငွေများ လောင်းလှူခဲ့ကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့က ဆုန်ညောင်ရေသွန်းပွဲအား မြခဲတောင်ကျောင်းတိုက်ဆရာတော်မှ ဦးဆောင်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး သံဃာတော်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဝန်ထမ်းများနှင့် ယာဉ်ကျေးလိမ္မာ သားငယ်သမီးငယ်များက ဗောဓိညောင်ပင်အား ညောင်ရေးသွန်းလောင်းခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)