ရွှေဘိုမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓ​နေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ

​ရွှေဘို မေ ၄

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့၌ ၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီအဖြစ် သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင်နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း (၁၂၈)ကြိမ်​မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ​ရွှေဘိုမြို့​ထောင့်​စေတီ ဘုရားပရဝုဏ်တွင်းရှိ ​ဗောဓိ​​ရွှေညောင်ပင်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ကဆုန်ညောင်ရေသွန်းပွဲတော်သို့ အမှတ် (၅) စစ်နယ်မြေအုပ်ချုပ်​ရေးမှူး​ရွှေဘိုတပ်နယ်မှူး ဗိုလ်မှူးကြီး​အောင်​အောင်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်း၊ အဖွဲ့များတက်ရောက်ခဲ့ကြပြီး၊ ​ရွှေမြို့ပေါ်ရှိကျောင်းတိုက်များမှ ဆရာတော် များအား ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားဒေသနာတော်အား ရွတ်ပွားပြီး၊ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူတို့က ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ စံဝင်နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း မဟာဗောဓိရွှေ ညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူး၍ အမွှေးနံ့သာရည်တို့ဖြင့် ကဆုန်ညောင်ရေများ သွန်းလောင်းပူဇော်ကာ ကုသိုလ်ယူခဲ့ကြကာ စတုဒီသာကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်