သရက်မြို့ ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) နှင့် ဆပ်ပြာခဲများ အခမဲ့ ဖြန့်ဝေ

သရက် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ဗိုလ်ချုပ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ယာယီ ပျံကျဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) နှင့် ဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး အသိပညာပေးခြင်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် (၉) နာရီ က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်နှင့် ကော်မတီအဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask)နှင့် ကာဘော်လစ်ဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီးကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မဖြစ်မနေ အိမ်အပြင်ထွက်ရသူများကို နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ပြီးမှ အပြင် ထွက်ကြရန်နှင့် တတ်နိုင်သရွေ့အိမ်မှာသာ နေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မလိုအပ်လျှင် ခရီးမသွားကြရန် စသည့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ သရက်မြို့တွင် ဌာနဆိုင်ရာ များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မြို့နယ်တွင်းရှိ ဈေးများ၊ ပဲ့ထောင်ဆိပ်နှင့် မြို့အဝင်/ အထွက်ဂိတ် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေးခြင်းများ‌၊ ကြပ်မတ် စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)