တောင်ငူ မေ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူအား လှည့်လည်ပူဇော်ခြင်းကို ယမန်နေ့ညနေ (၃:၃၀)နာရီအချိန်က ကျင်းပခဲ့သည်။
ထိုသို့ ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူအား လှည့်လည်ပူဇော်ရာတွင် တောင်ငူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးမှ ဦးမှန်းလမ်း၊ စျေးလမ်း၊ ဘုရားလမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်း၊ (၆)လမ်း၊ ကန်လမ်းမှ ရွှေဆံတော်စေတီမြတ်ကြီးအနောက်ဘက်မုခ်အထိ ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူအား ရတနာဆင်နှစ်စီးဖြင့် လှည့်လည်ပူဇော်ခြင်း၊ ဒေဝါဝင်းခင်း၊ ရာဇာဝင်းခင်း၊ လှပျိုဖြူသမီးပျိုလေးများ၊ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ဝင်ရောက်ယှဥ်ပြိုင်သည့် ပြိုင်ပွဲဝင် ရပ်ကွက်အသင်းများ၊ ဝင်ရောက်ဆင်နွဲကြသည့် ဒေသခံပြည်သူများ၊ ဖြေဖျော်ရေးယာဥ်များဖြင့် တောင်ငူမြို့အတွင်း လှည့်လည်ပူဇော်စဥ် တောင်ငူမြို့သူမြို့သားများက အလှူငွေများ လှူဒါန်း၍ ဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်၍ တောင်ငူမြို့ ကျက်သရေဆောင်သမိုင်းဝင်ရွှေဆံတော်မြတ်ကြီးတွင် ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူအား ကြေးသွန်းအာရုဏ်ခံ ဓမ္မာရုံမှ ဂန္တကုဋိတိုက်စံကျောင်းသို့ ပင့်ဆောင်စံပယ်ပူဇော်လှည့်လည်ခြင်း အခမ်းအနားကို ကျင်းပရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချို၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေး၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ တိုင်းမှူး၏ ဇနီး ဒေါ်ဖြူဖြူသန့် ဦးဆောင်သော တပ်မတော်အရာရှိကြီးများ၏ ဇနီးအဖွဲ့များက သီရိလင်္ကာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ်နှစ်ပတ် လှည့်လည်ပူဇော်ခံ၍ ဂန္တကုဋိတိုက်စံကျောင်းတော်သို့ ကိန်းဝပ်စံပယ်တော်မူရန် ပင့်ဆောင်ကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်မဟာဗောဓိပင်တွင် ကဆုန်ညောင်ရေသွန်းခဲ့ကြသည်။
ဆက်လက်၍ တောင်ငူမြို့ကျက်သရေဆောင်၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အကြိမ် (၄၄၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူ လှည့်လည်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညနေ (၅: ၃၀)နာရီအချိန်တွင် ရင်ပြင်တော်ပေါ်၌ ကျင်းပရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း (ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက)မှ အမှာစကားပြောကြားပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးယဥ်ဌေး (ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ)မှ ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေအားတင်ပြခဲ့သည်။
ဆက်လက်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်ဇနီး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့်ဇနီး၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးနှင့်ဇနီး၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့်ဇနီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဇနီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် ဇနီးတို့က ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်၊ အဖွဲ့အစည်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)