ပုသိမ်မြို့နယ်အတွင်း (Stay at Home) ညွှန်ကြားချက်အတိုင်း ပြည်သူများ လိုက်နာ ဆောင်ရွက်မှုရှိ

ပုသိမ်   အောက်တိုဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Stay at Home) ညွှန်ကြားချက်အရ မြို့နယ်အတွင်း အကြောင်းမဲ့ ပြင်ပသွားလာမှုမရှိစေရေး၊ အရေးပေါ်အခြေအနေ ကိစ္စရပ်အပ မြို့နယ်ကျော်သွားလာခြင်းများ မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ယာဉ်ထိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် မလိုအပ်ပဲ ပြင်ပသွားလာမှု မရှိ စေရေးအတွက် စစ်ဆေးလျက်ရှိပြီး တစ်အိမ်ထောင်လျှင် တစ်ယောက်သာ ဈေးဝယ်ခွင့်ပြုခြင်း၊ မြို့မဈေးကြီးအတွင်း ဈေးရောင်းချိန် ကန့်သတ်ထားရှိခြင်း၊ မြို့တွင်းလမ်းမများအပေါ်တွင် အကြောင်းမဲ့သွားလာ နေမှုများမရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြပ် မတ်လျက်ရှိသည်။ မြို့နယ်ကျော် သွားလာနေသော ကုန်စည် ပို့ဆောင်နေသော ယာဉ်များအား နယ်ကျော်ခရီး သွားလာခွင့် စစ်ဆေးပြီးမှ ဝင်ထွက်ခွင့် ပြုခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူ များက နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ယခင်စည်ကားခဲ့သော လမ်းဆုံ လမ်းခွများ၊ မြို့တွင်းလမ်းမကြီးများပေါ်တွင် အသွားအလာနည်းပါးသွားပြီး (Stay at Home) ညွှန်ကြားချက်အတိုင်း ပြည်သူများက လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

 မောင်မောင်မြင့်(ပြန်/ဆက်)