မင်းဘူး အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အောက်တိုဘာ (၄)ရက် ယမန်နေ့ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အဖြေတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
“ပိုးတွေ့အတည်ပြုလူနာနှစ်ယောက်က ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ကနေ ကားငှားပြီးတော့ စက်တင်ဘာ (၂၃) ရက်ကပြန်လာတာ၊ လက်ပံတောကျေးရွာ မူလွန်စာသင် ကျောင်းမှာ Quarantine ထားရှိပြီးတော့ စက်တင်ဘာ (၂၉) ရက်နေ့က Swab ယူစစ်ဆေး ခဲ့တဲ့အခါမှာ အောက်တိုဘာ(၄)ရက် ယနေ့ညပိုင်းမှာ ပိုးတွေ့ခဲ့တာပါ၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးရှိ (Isolation Room)မှာ ထားရှိပြီး ဆေးကုသမှုခံယူရမှာပါ” ဟု ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတင့်ခိုင်က ရှင်းလင်းပြောကြားသည်။
ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ဖို့နှင့် လိုအပ်လို့ အိမ်အပြင်ထွက် ပါက Social Distancing စနစ်နှင့်အညီ နှာခေါင်းစည်း Mask များကို စနစ်တကျ တတ်ဆင် သွားလာကြရန်နှင့် သတ်မှတ်စည်းကမ်း ချက်များကို အထူအလေးထား လိုက်နာကြစေ လိုကြောင်း ၎င်းကပြောကြားခဲ့သည်။
“သူတို့နှစ်ယောက်ကို ရောက်တာနဲ့ ကားပေါ်ကဆင်းဆင်းချင်း Quarantine Centre တွင်ထားရှိတယ်၊ မိသားစုနဲ့ရော ရွာကသူတွေနဲ့ရော ထိတွေ့ဆက်စပ်မှုမရှိဘူး၊ သူတို့ကကားကို ဆင်းလုံးငှားလာတာပါ ကားသမားနဲ့လည်းအဆက်သွယ်ရရှိပြီးဖြစ်ပါတယ်။ သူတို့နဲ့ရန်ကုန်က အဆောင်မှာအတူနေခဲ့တဲ့သူက ပိုးတွေ့တဲ့အတွက် သူတို့နှစ်ယောက်ကို အဓိကထားပြီး စစ်ဆေးလိုက်တဲ့အခါမှာ ပိုးတွေ့ခဲ့တာပါ၊ ပိုးတွေ့လူနာနဲ့ ဆက်စပ်တဲ့ သူတွေလည်း ဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောကြားသည်။
အတည်ပြုလူနာ မ(၂၃)နှစ်နှင့် မ(၃၆)နှစ် တို့နှစ်ဦးသည် မင်းဘူး(စကု)မြို့နယ် လက်ပံတောကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး စက်တင်ဘာ (၂၃)ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်မှ ပြန်လာသူများဖြစ်သည်။ အဆိုပါ ကျေးရွာ အ.မ.က ကျောင်း တွင် Quarantine ထားရှိပြီး မင်းဘူး(စကု) မြို့နယ်တွင် ပထမဆုံး ပိုးတွေ့အတည်ပြုလူနာ ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)