မြိတ် မေ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဗုဒ္ဓနေ့အခမ်းအနားကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြသည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓရှင်တော်မြတ်အလောင်းလျာ ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဘုရားဖြစ်သည့် ပစ္ဆိမဘဝတွင် ဖွားမြင်တော်မူရာနေ့၊ ဘုရားဖြစ်တော် မူသည့်နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာနေ့ စသည်အားဖြင့် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ထူးခြားချက်ကြီး လေးချက်အား အလေးအမြတ်ပြုသောအားဖြင့် ဗုဒ္ဓနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပမြဲဖြစ်သော အခါတော်နေ့များ ကျင်းပရေးအစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။
ဗုဒ္ဓနေ့အခမ်းအနားကို ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး စေတီတော်ဥပါသိကာအဖွဲ့မှ ဦးဆောင်၍ ဓမ္မစကြာအဖွဲ့များစုပေါင်း၍ ဗုဒ္ဓနေ့၏ ထူးခြားချက်ကြီး (၄) ချက်ကို ချီးကျူးပူဇော်သည့် ရှစ်လုံးဘွဲ့ မင်္ဂလာကဗျာများ စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ထံမှ ဗုဒ္ဓနေ့ ဒေသနာတော်များ နာယူမှတ်သားခဲ့ကြသည်။ ထိုနောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် စေတီတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓနေ့အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သာသနာ့အဓိဋ္ဌာန် (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခိုင်ထူး