၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သရက်ချောင်းမြို့နယ်၊ သမိုင်းဝင်ရှင်တောင့်ပုံဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်၊ သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား

သရက်ချောင်း   မေ  

၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမိုင်းဝင်ရှင်တောင့်ပုံဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်၊ သီလဆောက်တည်သူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားအေးချမ်းလျက်ရှိကြောင်း သိရသည်။

ကဆုန်လပြည့်နေ၏ ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဆိုသည်နှင့်အညီ သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မှုသောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ ဟူသည့် ထူးခြားချက် လေးမျိုးနှင့်ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်နေ့  (ဗုဒ္ဓနေ့) ဟု ခေါ်ဆိုခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီ ထိုက်သောဗောဓိညောင်ပင်ကို ရေသွန်းလောင်းလေ့ရှိကြသည်။ ဗောဓိပင် သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်းကြောင့် ဖွားဖက်တော် ခုနှစ်ပါးတွင် စာရင်းဝင်သည့် ထူးခြားသောအပင်ဖြစ် သည်။ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်နေ၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်း အစဉ်အလာကို ထားဝယ်မြို့ရှိ ပြည်သူများက ခေတ်အဆက်ဆက်မှစ၍ ယနေ့အချိန်ထိ ကျင်းပခဲ့ကြသည်။

သရက်ချောင်းမြို့နယ်တွင်၊ သမိုင်းဝင် ရှင်တောင့်ပုံဘုရားနှင့် ကျေးရွာ/ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်၊ သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် အေးချမ်းလျက်ရှိပြီး အဆိုပါ ဘုန်းတော်ကြီးကျောင်းများတွင် နံနက်(၈)နာရီအချိန်မှစ၍ ဆရာတော်များက ဥပုဒ်၊ သီလဆောက်တည်သူများအား ငါးပါးသီလပေးခြင်း၊ တရားဘာဝနာများ နာယူစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး တရားအားထုတ်သူများအား ဒါကာ/ဒါကာမများက အာဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)