ပခုက္ကူမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

ပခုက္ကူ မေ ၄

မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉နာရီအချိန်က ပခုက္ကူမြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ် ကြီးပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပပြုလုပ်သည်။

အဆိုပါညောင်ရေသွန်းလောင်းပူဇော်ပွဲကို ပခုက္ကူစီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးပြည်သူများတက်ရောက် ကြပြီး ပခုက္ကူမြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာ မြို့လည်းဖြစ်သောကြောင့်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည် ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ဘုရား၊စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွား တော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူ ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဝန်းအတွင်း ရောင်းချထားသော အမှတ်တရပစ္စည်းများဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်အနားယူအပန်းဖြေခြင်းတို့ဖြင့် အသီးသီး လာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။

ဆယ့်နှစ်လရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ ဗုဒ္ဓဝင်ဖြစ်တော်စဉ်အား သိရှိ မှတ်သားနာယူစေခြင်း၊ မြတ်ဗုဒ္ဓ၏ကိုယ်ပွားတော်ပရိဘောဂစေတီတော်ဖြစ်သည့် မဟာဗောဓိညောင်ပင်အား ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ညောင်ရေသွန်းလောင်းပူဇော်ခြင်းတို့ကို ရှေးယခင် နှစ်ပေါင်းများစွာကပင် ပူဇော်ကျင်းပလျက်ရှိကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)