လွိုင်ကော် မေ ၃
သာသနာတော်နှစ် ၂၅၆၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများဖြစ်သည့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆုတောင်းပြည့် မြို့နာမ်စေတီတော်ြမတ်ကြီးအား သံဃာတော် အရှင်သူမြတ်(၉)ပါး တို့က ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် ဧည့်သည် တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။
ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ဆိုတော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဝတ်အသင်းအဖွဲ့များက ညောင်ရေတော်လှူဒါန်း ဂါထာနှင့် ပလ္လင်အောင်ဂါထာများကို ရွတ်ဆိုပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ အခမ်းအနားသို့ လာရောက်ကြသူများ၊ ဘုရားဖူးလာရောက်ကြသောပြည်သူများနှင့် ဝတ်အသင်းအဖွဲ့များက မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်းရှိ ဂြိုလ်နံဘုရားများအား ရေသပ္ပါယ်ပူဇော်ခြင်းနှင့် မဟာဗောဓိညောင်ပင်တော်၌ ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဝတ်အသင်းအဖွဲ့များအား ယောဂီဝတ်စုံများ၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကုသိုလ်ပြုဆောင်ရွက်ပေးကြသောအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)