ကော့ကရိတ် မေ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင် တောင်ပေါ်ကျောင်းတိုက်အတွင်းရှိ မဟာဗောဓီညောင်ပင်အား ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်းကို ယနေ့နံနက် (၈:၀၀) နာရီက စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ပေါ်ကျောင်းတိုက်ဓမ္မာရုံအတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဓမ္မစကြာဝတ်ရွတ်အဖွဲ့များ၊ ဒေသခံပြည်သူများက ကျောင်းတိုက်ဆရာတော်သီရိဓမ္မထံမှ သီလခံယူခဲ့ကြပြီး လှူဖွယ်ပစ္စည်းဝထ္ထုတို့အား ဆည်းကပ်ပူဇော်ခဲ့ကြသည်။ ထို့နောက် ဓမ္မစင်္ကြာဝတ်ရွတ်အသင်းမှ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တက်ရောက်လာကြသူများမှ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
အဆိုပါ ညောင်ရေသွန်းပွဲတော်တွင် ကော့ကရိတ်မြို့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များက ဘုရားစေတီတော် ပရဝုဏ်အတွင်း ပန်းဆီမီးပူဇော်ခြင်း ပြုလုပ်ကုသိုလ်ယူပြီး မဟာဗောဓိညောင်ပင်၌ မြတ်စွာဘုရားအား ရည်မှန်းဆုတောင်းမေတ္တာများပို့သကာ ညောင်ရေသွန်းလောင်းလှူ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
အလားတူ ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်တို့အား အများပြည်သူများမှ ညောင်ရေသွန်းလောင်းပူဇော်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)