ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆွမ်းဆန်းစိမ်း လောင်းလှူပွဲကျင်းပ

ကန့်ဘလူ မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊  ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ မေ ၃ ရက်နံနက် ၈ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပသည်။

ရှေးဦးစွာ ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက် ၁၃ တိုက်မှ ဆရာတော် သံဃာတော် ၃၁၂ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၃၂၇ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက် နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ ၂၀၀၀ ကျော်တို့က စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

ထို့နောက် သာသနာ့ဗိမာန်တော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချအခမ်းအနားကျင်းပရာ တက်ရောက်လာကြသူများက ​မြို့ဦးရွာမပရိယတ္တစာသင်တိုက် ဦးစီးပဓာနနာယက အာဒိကမ္မိက သာသနာဓဇ ဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ  မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒသာရ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မြို့ဦးရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)